Friday, September 14, 2012

ကဗျာဥယျဉ်

နုတ်ဆက်မျက်ရည်

အပြန်ခရီး....ခွဲခွါနီးမှာ

တားဆီးနှုတ်ဆက်...ရုပ်တရက်မို့

လွမ်းမျက်ရည်တွေ....လည်မိတယ်....။

………………………………………………….

ဘုန်းနိုင်လင်း (ပညာမြေ) မှ ရေးစပ်ပါသည်။





ဓနမဲ့အချစ်

၁။ သူ့ကိုမြင်လျင်....ကိုယ့်ရဲ့ရင်မှာ

ပြောချင်စကား....တဖွားဖွားနဲ့

စိတ်ကားမငြိမ်...သည်းလွှာတိမ်ကြား

ချစ်စကားတွေ...တက်ရေမနိုင်....ဖြေမနိုင်ခဲ့...။

 ၂။ သြ....

ဘဝစည်းဝိုင်း

ခြံတံတိုင်းတွေ...ခြားလေလေမြဲ

လွမ်းလဲဝေးပေါ့....အခုတော့ကွယ်...။

 ၃။ ထယ်ဝါဂုဏ်ဒြဗ်...တန်လှပ်ပြေးလာ

ဥစ္စာမဲ့သူ....မောင့်လိုလူကို

အိုဘယ့်ရှောင်ရှား....စကားတွေပင်

မပြောချင်ပဲ...လက်ဝဲလက်ယာ

ဘယ်ညာမယိမ်း...ရှောင်ဖယ်တိမ်းသည်

စိမ်းကားပြီလား..ချစ်ဦးရယ်......။

………………………………………………….

ဘုန်းနိုင်လင်း (ပညာမြေ) မှ ရေးစပ်ပါသည်။





အိပ်မက်နှင်းဆီ.

ဆူးကိုပယ်ချိုး....အတင်းတိုးလာ

မွှေးပါနမ်းပါ...တောင်းပန်ရှာလဲ

လက်ထဲကိုင်လျက်...နမ်းဖို့ခက်သည်

အိပ်မက်ထဲက..နှင်းဆီရယ်....။

………………………………………………….

ဘုန်းနိုင်လင်း (ပညာမြေ) မှ ရေးစပ်ပါသည်။



ချစ်ခြင်းအစ

ချစ်ခြင်းအစ….မျက်စိကဟု

များလှကဝိ…မိန့်ဆိုရှိလည်း

မျက်စိမမြင်..သံစဉ်မကြား

ထိုသူများဝယ်….ချစ်ကားဘယ်က

စပါလိမ့်……။

………………………………………………….

ဘုန်းနိုင်လင်း (ပညာမြေ) မှ ရေးစပ်ပါသည်။

 နန်းမထိုက်တဲ့သဇင်

၁။ ထက်ဝဠာဗွေနန်းမှာလ

တင့်ဆန်းပါတဲ့ငွေသဇင်

ဘဝင်ချမ်းစွာနဲ့ ခုံမင်ချင်ဘွယ်

ဂုဏ်ယှဉ်ကာ တင်ပြော….။

 ၂။ စုံဆင်ကာ လွင့်မြောဘွယ်မလို

ပုံပြင်လျင် ရင်မောဖွယ်မို့

ဂုဏ်သခင်ဆိုသူ သိမ်းကာပိုက်မယ်

နန်းထိုက်လှသော…။

 ၃။ သည်နန်းထိုက်တဲ့  ပန်းမကိုဋ်သဇင်ကို

လှမ်းပိုက်ကာ  ပန်ချင်သော်လည်း

ပန်းမထိုက်တဲ့  ကိုယ့်ဘဝရယ်က

နွမ်းဟိုက်လာ မောကျန်ခဲ့တယ်

မင်းသိလှည့်လော့…။

………………………………………………….

ဘုန်းနိုင်လင်း (ပညာမြေ) မှ ရေးစပ်ပါသည်။





အိုဘယ့်ပန်းပုဆရာ

နွယ်ရစ်ဖူးခဲ့….ငယ်ချစ်ဦးရဲ့

ရွယ်လူးပျိုမြ…ရုပ်သွင်လှကို

လွမ်းတမှန်းကာ…နှစ်၊လ ကြာအောင်

သူဇာသို့ပင်..အသက်ဝင်အောင်

ဘဝင်တုန်တုန်..ရင်ခုန်ခုန်ဖြင့်

လက်ကုန်နွဲနု…သူဆစ်ထုသည်

ပန်းပုဆရာ…အဘအို…။

၂။ သူဆစ်ထုလည်..

ပန်းပုဆရာ…ဝမ်းရေးတာကြောင့်

သူဇာသက်ဝင်…ချစ်ဦးခင်ကို

ဈေးတင်ရောင်းချ…ခဲ့ရသည်

၃။ သြ…..

မှိုင်းပြာညိုသန်း…လွမ်းဇာတ်လမ်းကား

ဆုံးခန်းတိုင်တော့…မည်လားကွယ်…။

ဓနုဖြူ--မန်းနွယ်လေး

၁၉၈၈..ခုနှစ် ၊ မြဝတီမဂ္ဂဇင်းတွင်ပါရှိသည်။



ခရေဘယ်သူကောက်မှာလဲ

၁။  ပန်းပင်ခရေ…တာဝန်ကျေ၏

မြေကမ္ဗလာ..ဖဲမွေ့ယာထက်

ခြွေကာနှင်းဆပ်…ပေးခဲ့သည်။

၂။ ခရေကြိုက်သူ..လှပျိုဖြူတို့

ကြည်ဖြူနှစ်သက်…ပြုံးမပျက်ဘို့

နေ့ရက်မှန်မှန်..အချိန်တန်လျင်

ပင်ယံမြင့်မြင့်..ရင်နင့်နင့်နဲ့

ဆင်း ၊ သင့်ကြွေပေး…ရပေါ့ကွယ်…။

၃။ သြော်……

ခရေကြိုက်သူ..လှပျိုဖြူရေ

ကြူကြူပျံ့မွှေး…ပန်းကလေးတွေ

လမ်းဘေးမှာငို….တေးမဆိုဘဲ

ကြိုဆိုနေတယ်…မင်းကိုလေ…။

၎။ ပန်းလည်းမကောက်…ပန်းညှိုးခြောက်ပေါ့

ပန်းကောက်လာနိုး..ရည်မျှော်ကိုး၍

လွမ်းမိုးရှာခွေ…တမ်းတနေသည်

ခရေဘယ်သူ…ကောက်မှာလဲ….တဲ့။

………………………………………………….

ဘုန်းနိုင်လင်း (ပညာမြေ) မှ ရေးစပ်ပါသည်။



မြတ်သဇင်ပန်း…ဆင်ကာမြန်း၍

စိမ့်စမ်းအသွင်…ထူးလှသည်….။

လပြာသိုလ်ဆန်း…စိမ့်စမ့်ချမ်းလည်း

ပန်းမြတ်သဇင်..ပွင့်တော့မည်….။

မြတ်သောသဇင်…မေ့ဆီဆင်၍

မထင်ရအောင်…မောင်ချစ်သည်…။

………………………………………..

ဝိထယာမောင် (မေတ္တာမြေ) မှ ရေးစပ်ပါသည်။

No comments:

Post a Comment