Tuesday, February 7, 2012

ပ၀ါရဏာ

ပ၀ါရဏာဆိုတာ မိမိ၏ ချွတ်ယွင်းချက်အပြစ်ကို မြင်လျှင်ဖြစ်စေ, ကြားလျှင်ဖြစ်စေ, မယုံသင်္ကာရှိလျှင်ဖြစ်စေ ပြောဆိုဘို့ ဖိတ်မန်ပန်ကြားတာပါပဲ။
ဘာကြောင့် ဒီလို ဖိတ်မန်ပန်ကြားရသလဲ ဆိုယင်-
ကိုယ့်အပြစ်ကို သူများကသာ သိပြီး, ကိုယ့်ဟာကိုယ်တော့ မသိတာလဲ ရှိနေတတ်တယ်။ အဲဒီလို အပြစ်များ ရှိနေပါက အခြားရဟန်းများက ပြောပြဘို့၊ အဲဒီလို ပြောပြလို့ အပြစ်ကို သိရယင် အပြစ်ကင်းအောင် ဒေသနာပြောကြားခြင်း စသည်ဖြင့် ကုစားဘို့ပါပဲ။ အဲဒီလို သီလ၀ိသုဒ္ဓိ ပြည့်စုံပြီးတော့ တရားအားထုတ်ပြီး စိတ္တ၀ိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ-စသည် ပြည့်စုံသွားဘို့ပါပဲ။
အဲဒါဟာ ဗုဒ္ဓသာသနာတော် သန့်ရှင်းစင်ကြယ်ရေး, ဈာန် မဂ် ဖိုလ် တရားထူးရရေးများအတွက် အင်မတန် ကောင်းတဲ့အစီအစဉ်ပါပဲ။ အဲဒီလို အလွန်ကောင်းတဲ့ အစီအစဉ်ဖြစ်တဲ့အတွက် ဒီသီတင်းကျွတ်လပြည့်နေ့မှာ သံဃာ ၅-ပါးရှိလျှင် သံဃာအား ဖိတ်မန်ပန်ကြားဘို့၊ ၅-ပါးမရှိလျှင်တော့ အချင်းချင်း ဖိတ်မန်ပန်ကြားဘို့ မြတ်စွာဘုရားက သိက္ခာပုဒ်အဖြစ်နဲ့ ပညတ်ထားတော်မူခဲ့ပါတယ်။
သဒ္ဓါတရားကောင်းတဲ့ ရဟန်းတော်များအတွက် အလွန်အလေးပြုထိုက်တဲ့ သိက္ခာပုဒ်ပါပဲ။ အလေးပြုပြီးတော့ စိတ်စေတနာ ထက်သန်စွာနဲ့ ဖိတ်မတ်ပန်ကြားသင့်ပါတယ်။ ပန်ကြားတဲ့အတိုင်း သူတပါးက ပြောဆိုလာယင်လဲ ၀မ်းမြောက်ဝမ်းသာနဲ့ မိမိ၏အပြစ်ကို ကုစား ပြုပြင်ဘို့ပါပဲ။
ဥပမာအားဖြင့်-ပွဲနေပွဲထိုင် လူထုအစည်းအဝေးသို့ သွားမည့်လူမှာ မျက်နှာ၌ အမဲကွက်ရှိနေတယ်ဆိုပါတော့၊ ရင်းနှီးတဲ့သူက အဲဒီအမဲကွက် ရှိနေကြောင်း ပြောယင် ၀မ်းမြောက်စွာနဲ့ လက်ခံပြီး အဲဒီအမဲကွက်ကို သုတ်သင်ရမယ်။ ပြောတဲ့သူကိုလဲ ကျေးဇူးတင်ရမယ်။ ဘာကြောင့်လဲဆိုတော့ ပြောမည့်သူမရှိ၍ အမဲကွက်ကြီးနဲ့ လူထုပရိသတ်ထဲသို့ သွားမိယင် သူတပါးတို့ ရယ်ဘွယ်ဖြစ်ပြီး အရှက်ရလိမ့်မယ်၊ ဒါကြောင့် အပြစ်ကို ပြောပြသူအား ကျေးဇူးတင်ရမယ်။

အဲဒါလိုပဲ ကိုယ်တိုင်မသိတဲ့အပြစ်ကို ပြောပြသူအား ၀မ်းမြောက်စွာနဲ့ လက်ခံပြီး ကျေးဇူးတင်ဘို့ပါပဲ။ မိမိအပြစ်ကိုလဲ သန့်ရှင်းစင်ကြယ်အောင် ကုစားဘို့ပါပဲ။ အဲဒါဟာ ဗုဒ္ဓသာသနာ စင်ကြယ်ရေးအတွက် အလွန်သင့်မြတ်တဲ့ ကျင့်ဝတ်ပါပဲ။ ၀တ်ကြေ၀တ်ကုန်မျှ သဘောမထားပဲ စင်ကြယ်ထက်သန်တဲ့ စေတနာနှင့် ဖိတ်မန်ပန်ကြားလျှင် အဲဒီ ဖိတ်မန်ပန်ကြားဆဲမှာလဲ ထက်သန်တဲ့ ကုသိုလ်တွေ ဖြစ်တယ်၊ အချင်းချင်း သူတပါးအား ပြောစရာရှိယင်လဲ မိမိက ပြောရန်၊ သူတပါးက မိမိ၏အပြစ်ကို ပြောယင်လဲ ၀မ်းမြောက်စွာနဲ့ လက်ခံပြီး စင်ကြယ်အောင် ပြုပြင်ကုစားသွားရန် အဲဒီလိုသဘောထားပြီး ကျင့်ရန်အတွက် မြတ်စွာဘုရားက ပညတ်တော်မူခဲ့တဲ့ ကျင့်ဝတ်ပါပဲ။

မဟာစည် ဆရာတော်။

*******************************************************************************

ပ၀ါရဏာသည်
၁။ သံဃာ့ ပ၀ါရဏာ-သံဃာတော်များပြုသော ပ၀ါရဏာ။
၂။ ဒေ၀ ပ၀ါရဏာ-နတ်များပြုသော ပ၀ါရဏာ။
၃။ မနုဿ ပ၀ါရဏာ-လူများပြုသောပ၀ါရဏာ-ဟု သုံးမျိုးရှိသည်။
၁။ သံဃာ့ပ၀ါရဏာ-သိမ်တခုတွင်းဝယ် သံဃာတော်များ ညီညီညွတ်ညွတ် စုဝေးကြပြီးလျှင် တပါးနှင့်တပါး အချင်းချင်း အပြန်အလှန် အပြစ်ရှိက ပြောဆိုဖို့ရန် မိမိကိုယ်ကို အပ်နှံခြင်း, ဖိတ်ကြားခြင်း။

ထိုပ၀ါရဏာကို ခွင့်ပြုတော်မူခြင်း အကြောင်းရင်းကား-
ဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါက ကောသလတိုင်း ဇနပုဒ် ကျောင်းတကျောင်း၌ နေခဲ့ကြသော ရဟန်းတော်တို့သည် “အချင်းချင်း ငြင်းခုံမှုမရှိကြပဲ ညီညီညွတ်ညွတ်ဖြင့် ချမ်းသာစွာ နေထိုင်ကြရအောင် တပါးနှင့်တပါး စကားမပြောကြစတမ်း”ဟု ကတိက၀တ် ထားကြလျက် ၀ါတွင်းသုံးလပတ်လုံး စကား-လုံးဝမပြောကြပဲ နေခဲ့ကြသည်ကို ဘုရားရှင် သိရှိတော်မူသောကြောင့် ထိုသို့ စကား-လုံးဝမပြောပဲ နေကြခြင်းသည်---
သားကောင် တိရစ္ဆာန်တို့၏ ပေါင်းသင်းနေထိုင်ခြင်း (ပသုသံဝါသ-1), နှင့်တူ၏၊
စကားမပြောနိုင်သူ လူအ,တို့၏ အကျင်
့ (မူဂပဗ္ဗတ-2) ဖြစ်သော တိတ္တိတို့ ဆောက်တည်သော အကျင့်လည်း ဖြစ်၏ (-3။) ဟု ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် သီလ-သမာဓိ ပညာတိုးပွား အကျိုးများသော တရားစကားကို ပြောဆိုနေထိုင်ကြကာ (-4) သီတင်းကျွတ်လပြည့်နေ့၌ သံဃာတော်များအားလုံး တသိမ်တည်းမှာ စုဝေးပြီး အချင်းချင်း အပြန်အလှန် ဖိတ်ကြား ပ၀ါရဏာပြုကြရမည်-ဟု ပညတ်တော်မူခဲ့လေသည်။

ပ၀ါရဏာပြုပုံ
သံဃံ ဘန္တေ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။

ဒုတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။

တတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။ ( ၀ိ-၃-၂၂၃ )

( မြန်မာ )
အရှင်ဘုရားတို့၊ မြင်ခြင်းအားဖြင့်သော်၎င်း, ကြားခြင်းအားဖြင့်သော်၎င်း, ယုံမှားခြင်းအားဖြင့်သော်၎င်း တပည့်တော်မှာ အပြစ်ရှိပါက ပြောဆိုဖို့ရန် သံဃာတော်ကို ဖိတ်မန်ပါ၏၊
အရှင်ဘုရားတို့သည် တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ပြောဆိုတော်မူကြပါဘုရား၊ တပည့်တော်သည် အပြစ်ကိုမြင်သော် ကုစားပါမည်ဘုရား။

နှစ်ကြိမ်မြှောက်လည်း-
သုံးကြိမ်မြှောက်လည်း-

1. ပသုသံဝါသန္တိ ပသူနံ ၀ိယ သံဝါသံ။ ပသဝေါပိ ဟိ အတ္တနော ဥပ္ပန္နံ သုခဒုက္ခံ အညမညဿ န အာရောစေန္တိ၊ ပဋိသန္ထာရံ န ကရောန္တိ၊ တထာ ဧတေပိ န အကံသု။ တသ္မာ နေသံ သံဝါသော“ပသုသံဝါသော”တိ ၀ုစ္စတိ။ (၀ိ-ဋ္ဌ-၃-၃၅၆ )။
သားကောင်တို့၏ ပေါင်းသင်းနေထိုင်ခြင်းဟူသည် တကောင်၏ချမ်းသာဆင်းရဲကို အခြားတကောင်အား ပြောဆိုရိုးမရှိချေ။ ထို့အတူ စကားလုံးဝမပြောပဲ နေထိုင်သူတို့မှာလည်း တဦး၏ချမ်းသာဆင်းရဲကို အခြားတဦးအား မပြောဆိုပဲ နေထိုင်လတ်သော်
“သားကောင် တိရစ္ဆာန်တို့၏ ပေါင်းသင်းနေထိုင်ခြင်းနှင့် မခြားတော့ချေ”ဟု ဆိုလိုသည်။
2. စကားမပြောပဲ နေရုံမျှကို“မူဂပဗ္ဗတ-သူအတို့၏ အကျင့်”ဟု မိန့်တော်မူလိုရင်း မဟုတ်ပါ၊
“လုံးဝ စကား မပြောကြစတမ်း”ဟု ကတိက၀တ်ပြု၍ နေခြင်းကိုသာ “မူဂပဗ္ဗတ-အကျင့်”ဟု မိန့်တော်မူလိုပါသည်၊ ထိုအကျင့်မျိုးသည်သာ တိတ္တိတို့ ဆောက်တည်အပ်သောအကျင့်ဖြစ်သည်။
(၀ိ-ဋ္ဌ-၃-၃၅၆)။
3. ၀ိနည်းမဟာဝါ ပ၀ါရဏာက္ခန္ဓက ( ၀ိ-၃-၂၂၀၊ ၂၂၃ )။
4. မူလပဏ္ဏာသ ပါဠိတော် ( ၂၁၇ ) နှင့် ဥဒါန်းပါဠိတော် ( ၈၉ ) တို့၌ ကြည့်ပါ။

၂။ ဒေ၀ ပ၀ါရဏာ-နတ်များ ပ၀ါရဏာပြုခြင်း။
သီတင်းကျွတ်လပြည့်နေ့တွင် စတုမဟာရာဇ်နတ်ပြည်နှင့် တာဝတိံသာနတ်ပြည်၌ ရှိကြသော အချို့သော နတ်တို့သည် စည်းဝေးကြကုန်လျက် “ယနေ့ အဘယ်ကျောင်းတိုက်သို့ သွား၍ အဘယ်မထေရ်၏အထံ၌ ပ၀ါရဏာပြုရပါကုန်အံ့နည်း”ဟု တိုင်ပင်ကြပြီးလျှင် သိကြားမင်းသည် များသောအားဖြင့် ပိယင်္ဂုကျွန်း၌ရှိသော မဟာဝိဟာရ (ကျောင်းတိုက်ကြီး) ၌သာလျှင် ပ၀ါရဏာပြု၍ အခြားနတ်တို့သည်ကား ပင်လယ်ကသစ်-စသော နတ်ပန်းများ, စန္ဒကူးနံ့သာ စသော နတ်နံ့သာတို့ကို ယူဆောင်၍ မိမိတို့နှစ်သက်ရာ ကျောင်းတိုက်ရှိ ရဟန်းတော်များထံသို့သာ သွားကြ၍ ပ၀ါရဏာပြုကြကုန်သည်။(၁)
ထိုနတ်တို့သည် မိမိတို့ရရှိထားသော စည်းစိမ်ချမ်းသာ၏ တာရှည်စွာ မြဲမြံခိုင်ခံ့ရန် အလို့ငှါ၎င်း, နောင်အခါ၌ သုတ်သင်စင်ကြယ် သန့်ရှင်းစေရန်အလို့ငှါ၎င်း, ငါးပါးသီလကို ထိန်းသိမ်း စောင့်ရှောက်ကြကုန်၏၊ မိမိတို့ စောက်ရှောက်သော သီလ စင်ကြယ်, မစင်ကြယ်သည်၏ အဖြစ်ကို သုတ်သင်ရန်အလို့ငှါ အပြစ်ပြ၍ ဆုံးမနိုင်ရန် ရဟန်းတော်များအား ဖိတ်မန်ကြလေသည်။(၂)
နတ်တို့ဖိတ်မန်ပုံအစီအစဉ် ပါဠိတော်,အဋ္ဌကထာ,ဋီကာတို့၌ တိုက်ရိုက်မပါရှိသော်လည်း သံဃာပ၀ါရဏာနှင့် အလျော်ပြုရပါမူ-
“အရှင်ဘုရားတို့၊ တပည့်တော်များ စောင့်ထိန်းအပ်သော သီလသည် စင်ကြယ်ပါသလားဘုရား, တပည့်တော်များအား သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မစင်ကြယ်သောအမှုကို မြင်သော်၎င်း, ကြားသော်၎င်း, ယုံမှားရှိသော်၎င်း, ထုတ်ဖော်၍ ပြောဆိုတော်မူကြပါဘုရား၊ တပည့်တော်များ ပြန်လည်ပြုပြင်၍ ကျင့်သုံးကြပါမည်ဘုရား”ဟု ဖိတ်မန်ခြင်းပင်တည်း။
(၁) မဟာပ၀ါရဏာယပိ ပုဏ္ဏမဒိဝသေ သန္နိပတိတွာ "အဇ္ဇ ကတ္ထ ဂန္တွာ ကဿ သန္တိကေ ပ၀ါရေဿာမာ"တိ မန္တေန္တိ။ တတ္ထ သက္ကော ဒေ၀ါနမိန္ဒော ယေဘုယျေန ပိယင်္ဂုဒီပမဟာဝိဟာရသ္မိံယေ၀ ပ၀ါရေတိ။ သေသာ ဒေ၀တာ ပါရိစ္ဆတ္တကာဒီနိ ဒိဗ္ဗပုပ္ဖါ စေ၀ ဒိဗ္ဗစန္ဒနစုဏ္ဏာနိစ ဂဟေတွာ အတ္တနော အတ္တနော မနာပဋ္ဌာနမေ၀ ဂန္တွာ ပ၀ါရေန္တိ။ ဧ၀ံ ပ၀ါရဏသင်္ဂဟတ္ထာယ သန္နိပတန္တိ။(ဒီ-ဋ္ဌ ၂၊ မဟာဂေါဝိန္ဒသုတ်၊ ၂၄၀-၂၄၂)
(၂) တာဝတိံသာ, ဧကစ္စေ စ စာတုမဟာရာဇိကာ ယထာလဒ္ဓါယ သမ္ပတ္တိယာ ထာဝရဘာဝါယ, အာယတိံ သောဓနာယ စ ပဉ္စ သီလာနိ ရက္ခန္တိ၊ တေ တဿ ၀ိသောဓနတ္ထံ ပ၀ါရဏာသင်္ဂဟံ ကရောန္တိ။ တေန ၀ုတ္တံ "မဟာပ၀ါရဏာယာ"တိ အာဒိ။ (ဒီ-ဋီ၊ ၂၊ ၂၁၉)။

၃။ မနုဿ ပ၀ါရဏာ-လူများ ဖိတ်ကြားခြင်း။
လူများအချင်းချင်း ပ၀ါရဏာပြုခြင်း, ဖိတ်ကြားခြင်းမျိုးသည် ကျမ်းဂန်တို့၌ တိုက်ရိုက်မလာ ရှိသော်လည်း ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားပုံ, နတ်သိကြားများ ဖိတ်ကြားပုံကို အတုယူပြီး လူများလည်း အချင်းချင်းအပြစ်ပြ၍ ပြောဆို ပြုပြင်နိုင်ကြရန် ဖိတ်ကြားခြင်း ပ၀ါရဏာပြုသင့်ကြသည်။

ပြုပုံ-
ကျွန်တော် ကျွန်မများအပေါ်မှာ တစုံတခုသောအပြစ်ကို မြင်သော်၎င်း, ကြားသော်၎င်း, ယုံမှားသံသယ ရှိသော်၎င်း ပြောဆိုကြပါ, ပြုပြင်ကြပါ, ကျွန်တော် ကျွန်မတို့ လိုက်နာကျင့်သုံးကြပါမည်-ဟု အချင်းချင်း ဖိတ်ကြားထားပါက တစုံတယောက်၏အပြစ်ကို တွေ့ရှိခဲ့သော် ၀မ်းသာစွာ ပြောဆိုပြုပြင်ပေးခြင်း, လိုက်နာကျင့်သုံးခြင်းတို့ဖြင့် "ကျီးကို ဘုတ်က ရိုသေ, ဘုတ်ကို ကျီးက ရိုသေ" ဆိုရိုးစကားကဲ့သို့ အချင်းချင်း တဦးနှင့်တဦး ဂါရ၀ နိဝါတ တရား(ဂါရ၀-ရိုသေထိုက်သူကို ရိုသေခြင်း၊ နိဝါတ-မိမိကိုယ်ကို နှိမ့်ချခြင်း၊ မာန မရှိခြင်း။) လက်ကိုင်ထားကြလျက် မာန်မာနကင်းရှင်းကြ၍ ယခုဘ၀၌လည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ နေထိုင်ကြရပြီးလျှင် နောင်သံသရာ၌လည်း တဦးမေတ္တာ တဦးမှာ ကူးယှက်ခါဖြင့် အချင်းချင်း ကူညီဖေးမ,နိုင်ကြသောကြောင့် လူ-နတ်-နိဗ္ဗာန် သုံးတန်သောချမ်းသာတို့ကို ရရာရကြောင်း ထုံးကောင်းဖြစ်ပါသည်။
ထို့ပြင် ၀ါကျွတ်ချိန်အခါ၌ မိဘများအား သားသမီးများက ပူဇော်ကန်တော့ခြင်း, ဆရားများအား တပည့်များက ပူဇော်ကန်တော့ခြင်း, အဘိုးအဘွားစသော သက်ကြီးရွယ်ကြီးများအား ငယ်ရွယ်သူများက ပူဇော်ကန်တော့ခြင်း, မိဘ, ဆရာ, သက်ကြီးရွယ်ကြီးတို့ကလည်း ဆုပေးခြင်း, ဆုံးမစကားများ ပြောဆိုခြင်း-ဟူသော အချင်းချင်း ကာယကံမေတ္တာ, ၀စီကံမေတ္တာ, မနောကံမေတ္တာများကို ခံယူကြရသောကြောင့် ကိုယ်ရောစိတ်ပါ ချမ်းသာကြလျက် ကုသိုလ်တရားများ တိုးပွားကြပါသည်။ (ဦးဇောတာလင်္ကာရ)
ထိုကဲ့သို့ အပြစ်တွေကင်း ကျန်းမာ ချမ်းသာခြင်း ဖြစ်ကြဖို့ရန်အတွက် သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့၌ ပ၀ါရဏာပြုကြရခြင်း ဖြစ်ပါသည်။

(မေတ္တာဖြင့် မော်လူး )

No comments:

Post a Comment