လောကရဲ့ဆိုရိုးစကား မေမေ့အတွက်ပဲဖြစ်လေမလား
မေမေ့ရဲ့ ဘဝထဲ မျက်ရည်မိုးစက်တွေ
အမြဲတမ်းပဲရွာသွန်းခဲ့တယ်
ညာဘက်လက်ရုံး မေမေ့မှာတုံးလို့
ရှိတဲ့အားတွေအကုန်ထုတ် မေမေ့မှာကူးခပ်ခဲ့ရတာ
ရောက်လုလုကမ်းနား ( ပန်းတိုင်)
အမောဖြေရန်စိတ်ကူး အားတင်းရုံပဲရှိသေးတယ်
မညှာတာဘဲ မေမေ့ကမ္ဘာကိုဖျက်ဆီး
အငြိုးတကြီးနဲ့ သူတို့နှောင့်ယှက်ကြတယ်......။
*ဒါဟာ နာဂစ်လား.. ? ဒါဟာ ဂီရီလား..?
နာဂစ်မဟုတ်သလို ဂီရိလည်းမဟုတ်ဘူး
မေမေ့မှာသားကြီး အားကြီးလို့ သားကြီးခေါ်တယ်
ငယ်ရွယ်စဉ်သူတို့တထွေ ဘောလုံးကစားကြတယ်
မတော်တဆ ခြေထောက် တိုက်မိလို့အနာရ
အားကိုးရတဲ့သား မေမေ့မှာ အားကျိုးခဲ့ရတယ်......။
*မေမေဟာလေ မျက်ရည်မိုးတွေ ရွာသွန်း
တနေ့မှ မလန်းနိုင်ခဲ့တာ
သားသိပါတယ် မေမေ
မေမေရေ...... သားတို့ကိုဘဲအပြစ်ပေးမှာလား
ကံကိုဘဲ စောဒကတက်မှာလား
ပူလောင်နေတဲ့မေမေ့စိတ်ဓာတ်က
ဝေခွဲမရ သောက ပရိဒေဝတွေနဲ့ပါ
ဘာတတ်နိုင်မှာလဲ ကံတရားရေ...
နောက်ဆုံးတော့ ကံကိုသာ ယိုးမယ်ဖွဲ့
အတတ်နိုင်ဆုံး( ကောင်းအောင်) ကုသရုံပဲရှိတော့တယ်
မျက်ရည်မိုးတွေကို ခဏကလေး ရပ်စဲ
သတ္တိခဲတွေကို မေမေထုတ်သုံးခဲ့တယ်......။
~ကောင်းတော့လည်း ကံတရား
ဆိုးပြန်တော့လည်းကံတရား
ဒါဆိုရင် ကံသည်ပင် လောကလား...?
လောကသည်ပင် ကံတရားလား...?
လောကကိုကံနဲ့တည်ဆောက်ထားတာလား....?
*ဗုဒ္ဓကတော့ ကံသာအမိ ကံသာအဖ
ကံသာအားကိုးရာ ကံသာအမွေအနှစ်
ကံသာဆွေမျိုး ကံသာအဆွေခင်ပွန်း
ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ
ဒီလိုပဲအမြဲ ဟောပြခဲ့၏
သရက်ပင်စိုက်ရင် သရက်သီး သီးသလို
ကောင်းတာပြုရင် ကောင်းကျိုးပေးမှာ
အဆိပ်ပင်စိုက်ရင် အဆိပ်သီး သီးသလို
မကောင်းတာပြုရင် မကောင်းကျိုးပေးမှာ
ဒါတွေဟာ သူတို့အလုပ် မေမေ အဟုတ်သိထားပါ....။
*ကံကောင်းထောက်မလို့ သားကြီးကောင်းခဲ့တယ်
သိပ့်တောင်မပျော်လိုက်ရသေး ကျွန်တော်ဒုက္ခပေးပြန်တယ်
တကယ်ဆိုရင် သားမရည်ရွယ်ပါဘူးမေမေ.......
အို..........အသင်လောကဓံ
မျက်ရည်မိုးတွေ မစဲ
ဘာကြောင့်များ မေမေ့ကို ရွာစေချင်ခဲ့တာလဲ
ဒီလိုပဲအမြဲ ကျွန်တော်မေးကြည့်လိုက်ချင်တာ
ကျွန်တော်ကတော့ မေမေ့ကိုမငိုစေချင်တာ အမှန်ပါ
မျက်ရည်ဆိုတာ ကုန်တတ်တဲ့အဖြစ်မျိုးဆိုရင်
သောကသူဌေးမလေး ကျွန်တော်ချစ်တဲ့မေမေ့မှာ
ခန်းခြောက်ကာ ကန္တာရပင် ပေါ်လောက်ပြီ
ကျွန်တော့်ရဲ့ ဝေဒနာ မေမေရဲ့ မေတ္တောရေနှင့်ဆေး
ရတနာသုံးပါးရဲ့တန်ခိုးတော်ကြောင့်
ပေါင်းစပ်လို့ ကောင်းမြတ်ခဲ့တယ်.....။
*ဒီလိုကောင်းမြတ်လို့ မေမေ့နှုတ်မှ
ထုတ်ရခဲတဲ့ စကားတခွန်းက
" သားတို့ကိုကလေးလိုပဲ နှစ်ခါပြုစုပေးရတယ်တဲ့"
ဒီလိုပြောခဲ့တဲ့ မေမေ့စကား
မကျေနပ်လို့ ညဉ်းညူး မဟုတ်ဘူးဆိုတာ သားသိပါတယ်
မေမေ့ရဲ့ ကျေးဇူး မမေ့နိုင်ရန် ရည်စူးလို့
ပြောပြခဲ့တာ အမှန်အကန်ပါ
ပြူစုဖူးတဲ့ မေမေ့ကျေးဇူး သားရင်မှာစူးလို့
ထာဝရ မမေ့အောင် ရင်ထဲမှာထား
ဆပ်နိုင်အောင်လည်း သားကြိုးစားမယ်မေမေ.......။
ဂန္တဝင်မြေမှ ကဗျာဥယျာဉ်မှူး အရှင်ဥာဏိဿရ ( M.A - Philosophy, Magadh University- India)
http://gandawinmyay.blogspot.in/
No comments:
Post a Comment